နာရီဝက်စာအပျော်နဲ့ ဘဝတစ်သက်စာ ပျော်ရွှင်မှုကို မလဲပါနဲ့ ဘော်ဒါတို့
ယောက်ျားလေးအများစုက လိင်မှုကိစ္စမှာ ပိုတက်ကြွပြီး အမြဲတမ်းစိတ်ပါနေတတ်တယ်ဆိုပေမယ့် မလိုအပ်တဲ့အခြေအနေတွေမှာ မီးနီမဖြတ်ကူးဖို့ ကိုယ့်ကိုယ်ကို အမြဲထိန်းနေဖို့ကို မမေ့ပါနဲ့။
၁။ အပြင်ပိုင်းကို ကြည့်ပြီး ကျန်းမာရေးကောင်းတယ်လို့ တစ်ထစ်ချ မဆုံးဖြတ်ပါနဲ့။
လူတစ်ယောက်က အပြင်ပိုင်းမှာ လှပနေတယ်၊ ကျန်းမာနေတယ်၊ သေချာဝတ်စားပြီး လန်းနေတယ်ဆိုတာနဲ့ပဲ ဘာရောဂါမှမရှိဘူးလို့ ယုံလို့လုံးဝမရပါဘူး။ ဒီအတွက် ကိုယ်က သူစိမ်းတစ်ယောက်နဲ့ လိင်ဆက်ဆံဖို့ တွေးလိုက်ပြီဆိုရင် အကောင်းဆုံးက နှစ်ယောက်လုံးရဲ့ ကျန်းမာရေးစစ်ဆေးချက်မှတ်တမ်းကို အပြန်အလှန်ကြည့်ပါ။ ကွန်ဒုံးအသုံးပြုပါ။
၂။ ကွန်ဒုံးကို သွားလေရာဆောင်သွားပါ။
ကွန်ဒုံးဝယ်တာကို ရှက်စရာ၊ ရယ်စရာကောင်းတယ်လို့ ထင်နေသေးတဲ့နိုင်ငံမှာ ကွန်ဒုံးဆောင်တာကို တဏှာကြီးတယ်ဆိုပြီး လူတွေထင်နိုင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမယ့် ပုထုဇဉ်လူသားတွေဖြစ်လို့ မမျှော်လင့်ဘဲ လိင်မှုသာယာရမယ့် အခြေအနေတွေ ဖြစ်လာတဲ့အခါ ကိုယ့်ဘက်က ပေးဆပ်မှုတွေမရှိဘဲ အပြည့်အဝသာယာနိုင်ဖို့ဆိုတာ ကွန်ဒုံးဆောင်ထားဖို့ လိုအပ်ပါတယ်။
၃။ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။
တစ်သက်လုံးလက်တွဲရမယ့် ချစ်သူ၊ အိမ်ထောင်ဖက်ရှိပြီးသားဆိုရင် နောက်တစ်ယောက်နဲ့ ဖောက်ပြန်ဖို့ကို စိတ်ကူးမယဉ်တာ အကောင်းဆုံးပါပဲ။ မတော်တဆ တစ်ဖက်လူက အထာပေးနေရင်တောင် ပါးနပ်စွာနဲ့ ရှောင်တိမ်းဖို့၊ ချစ်ရသူအပေါ် စောင့်ထိန်းရမယ့် သစ္စာနဲ့ ကျင့်ဝတ်တွေကို မလွှင့်ပစ်လိုက်ဖို့ အမြဲသတိကပ်ပြီး ဆင်ခြင်ပေးပါ။
၄။ လွန်ပြီးကာမှ နောင်တတွေ မရပါနဲ့။
နာရီဝက်လောက် သာယာမှုအတွက် တစ်ဘဝစာပျော်ရွှင်မှုကို လဲလိုက်ပြီဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ဒီဖြစ်ရပ်တွေ ပြန်ပေါ်လာတဲ့အခါ နောင်တမရပါနဲ့။ ဒါ့အပြင် HIV လို ရောဂါပိုးကူးစက်ခံရတဲ့အခါ အသက်မသေဆုံးအောင် ထိန်းနိုင်တယ်ဆိုပေမယ့် ကိုယ့်ရဲ့ဘဝအနာဂတ်ကို ရာသက်ပန် အမာရွတ်ထင်သွားစေနိုင်တာကို အမြဲသတိပြုပါ။
ရဲမျိုးမြတ်